မြိတ်မြို့၌ မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်( သမဝါယမကဏ္ဍ)မှ (၁)ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း(၂၅၀)နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲ ကျင်းပ

မြိတ်  ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ (၁)ဧက အထွက်နှုန်းတိုးစေရန် သမဝါယမအသင်းသား တောင်သူများအား ကျပ်သန်း(၂၅၀)နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မျိုးစပါး သွင်းအားစုပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင် ဒေါ်မွန်မွန်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက မျိုးစပါး သွင်းအားစုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု ဒု-ဥက္ကဋ္ဌ ဦးထွန်းမင်းက သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါး စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းများမှ အသင်းသားတောင်သူ (၉၄)ဦး၏ မိုးစပါးစိုက်ပျိုးဧက (၁၀၀၀)အတွက် ကျပ်သန်း(၂၅၀)နှင့် ညီမျှသော မျိုးစပါး(၂၀၀၀)တင်း၊ ကွန်‌ပေါင်းဓာတ်မြေဩဇာ (၅၃၁)အိတ်၊ သဘာဝဓာတ်မြေဩဇာ(၁၆၈)အိတ်၊ ပုလဲဓာတ်မြေဩဇာ (၅၀၆)အိတ်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများအား အသီးသီးပေးအပ်ကြရာ အသင်းသားတောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)