ထားဝယ် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အစိုးရနှင့်ပြည်သူများအကြား အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ ဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေး ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဌာနမှဆောင်ရွက်ပေးလျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအကြောင်းနှင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူနှင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးကြမည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးထွန်းနှင့်ဒေါ်ချိုချိုစန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က မိတ်ဆက်စကား အသီးသီး ပြောကြားသည်။
ဆက်လက်၍ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲတွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှါးဂရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID နံပါတ် ထုတ်ပေး နေမှု အခြေအနေ၊ စာကြည့်တိုက်များအကြောင်း၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတက်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအကြောင်းတို့ကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့စကားဝိုင်း(Public Talk)သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များတက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)