ထားဝယ် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာအုပ်စု၊ သဗြေချောင်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်/ကျေးရွာအဆင့်ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့ဝင်များက ကွင်းဆင်း၍စစ်ဆေးကြည့်ရှုခဲ့ကြသည်။
ဦးစွာ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးနှင့်အဖွဲ့များက သဗြေချောင်းကျေးရွာအတွင်းကွက်ကြဲ၊ ကွက်စိတ် မြေတိုင်းတာ ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် သဗြေချောင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက မြို့နယ်/ ကျေးရွာအဆင့် ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး သတ်မှတ်ကာလအတွင်း ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)