ထားဝယ်မြို့၌ ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သစ်ကိုင်းကျိုးကျပိမိသဖြင့် သေဆုံး

ထားဝယ်  ဇူလိုင် ၂၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်း၊ ထားဝယ်ဟိုတယ်နံဘေး (ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရုံးရှေ့)ရှိ စိန်ပန်းပင်မှာ အာဇာနည်လမ်းမပေါ်သို့ ကျိုးကျစဉ် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦးအား ပိမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ကိုင်းကျိုးကျစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေသူ မနွေးနွေးအိ(၄၈နှစ်)အား ပိမိပြီး အခင်းဖြစ်သည့်​နေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် သေဆုံးသူအား ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စိန်ပန်းပင်ကျိုးကျမှုတွင် ထားဝယ်ဟိုတယ်အရှေ့ရှိ ဆက်သွယ်ရေးတိုင် သုံးတိုင်မှာလည်း အာဇာနည်လမ်းမကြီးပေါ်သို့ ကျိုးကျခဲ့သဖြင့် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ရန်ကြီးအောင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်တို့ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ နာရေးကူညီမှုအသင်းများ၊ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများမှ စိန်ပန်းပင်ကျိုးကျမှုနှင့် ဆက်သွယ်ရေးတိုင် ကျိုးကျမှုများအား ရှင်းလင်းပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)