ဇမ္ဗူသီရိ ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများက စာရေးဆရာ ဖေမြင့် ရေးသားသော" ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း" စာအုပ်တွင် ပါရှိသော ခေါင်းစဉ်များအနက်မှ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း၊ စာဟူသည် ကဝိတို့၏ ပစ္စည်း၊ ကဝေးတို့၏ မာယာ၊ စာဖတ်သမား ရုဇဗဲ့၊ ဘီလ်ဂိတ်ညွှန်းသော စာအုပ်များ၊ ခေတ်အဆက်ဆက် ကမ္ဘာကိုလွှမ်းမိုးခဲ့သော စာအုပ်များ စသည့် ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စာပေချစ်သူ စာဖတ်ပရိသတ်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)