မိုင်းပျဉ်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် လွှတ်တော်ရုံးအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်သည် လွှတ်တော်ရုံးမှ ဒေါ်နန်းကိန်နွန်းနှင့် ရုံးအဖွဲ့များလိုက်ပါ၍ ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် တောင်သူများအားတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးကြပြီး၊ တက်ရောက်လာသော တောင်သူ(၇၆)ဦးအား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်က ဓာတ်မြေဩဇာ (၁) ပြည်စီ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေး တင်ပြတောင်းဆိုထားသော ဘုန်းကြီးကျောင်းအတက်လမ်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ လွှတ်တော်ရုံးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)