ကွန်းဟိန်း ဇူလိုင် ၂၁
ဒေသခံတိုင်းရင်းသားပြည်သူများ၏ မြေပိုင်ဆိုင်မှုအခွင့်အရေးခိုင်မာစေရန်နှင့် နေထိုင်မှုဘဝလုံခြုံစိတ်ချရစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်းဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့မကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၁နာရီက ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိပြီး ကျေးရွာမြေငှားဂရန် လျှောက်ထားသူ ပြည်သူ(၉၀)ဦးအား နမ့်စန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန်များကို ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကျေးရွာမြေငှားဂရန်များ ထုတ်ပေးခြင်းအတွက် နမ့်ခမ်းကျေးရွာမှ ရပ်မိ/ရပ်ဖ ဦးစိုင်းလောဝ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးမောင်မောင်ခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်နိုင်၊ ကွန်းဟိန်းမြို့မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမြေငှားဂရန် လျှောက်ထားသူ ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ခွန်ရဲထွေး