တိုက်ကြီးမြို့နယ်၌ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

တိုက်ကြီး ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မှော်ဘီခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကာ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြစ်သည့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သနပ်ချောင်းကျေးရွာအုပ်စု YGW ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ဦးစွာ YGW ပရဟိတဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်တေစိန္တနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်တို့က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းဇော် သင်တန်းမှ သင်ကြားပေးမည့် ပညာရပ်များကို လူမှုပတ်ဝန်းကျင်နယ်ပယ်တွင် လက်တွေ့အသုံးချစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ  မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ဆွေးနွေးပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်ထောက်ကူ ပစ္စည်းများကို ပေးအပ်ခဲ့ကာ သင်တန်းတွင် သင်တန်းသူ ၁၁ ဦးအား တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)