သဗ္ဗညုဘုရား၏ အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Shaanxi Academy of Archaeology မှ ရှေးဟောင်းသုတေသနအဖွဲ့နှင့် သုတေသနဝန်ထမ်းများပူးပေါင်း၍ တူးဖော်သုတေသနလုပ်ငန်းများဆောင်ရွက်

ညောင်ဦး ဇူလိုင် ၂၁

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၌ ၂၄-၈-၂၀၁၆ ခုနှစ်၊ ဩဂုတ် ၂၄ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ပြင်းအား(၆.၈)ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား၏ ပျက်စီးမှုများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၂၀၁၇  ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ဆွေးနွေးမှုသဘောတူညီချက် (MOM)နှင့် ၂၂-၉-၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ(MOU)များ ရေးထိုးခဲ့ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာရေးထိုးရခြင်း ရည်ရွယ်ချက်သည် သဗ္ဗညုဘုရား ပြုပြင်ထိန်း သိမ်းမှုလုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ ပုဂံခေတ်ကတည်းက တည်ဆောက်ခဲ့သော တည်ဆောက်မှု ဗိသုကာအတတ်ပညာနှင့် ရှေးခေတ်ကာလ၏ အဆောက် အအုံအစိတ်အပိုင်း အကြွင်းအကျန် ကျန်ရှိမှုကို လေ့လာဖော်ထုတ်ရန်၊သဗ္ဗည ဘုရား၏ မဟာရံတံတိုင်း၊ရင်ပြင်တံတိုင်း များကို ရှာဖွေဖော်ထုတ်ရန်၊မြောက်ဘက်မုခ် တံခါးအပြင် အခြားသောတံခါးများ ရှိ/မရှိ လေ့လာနိုင်ရန်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သဘောတူ ဆွေးနွေးမှုများအပြီး တရုတ်နိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သုတေသန ဝန်ထမ်းများသည် ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလနှင့်မေလတို့တွင် ဘုရား၏ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် စမ်းသပ် ကျင်းများ တူးဖော်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လနှင့်ဇူလိုင်လတို့တွင် သုံးကြိမ်တိုင်တိုင် တူးဖော်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ သဗ္ဗညုဂူဘုရားကြီး၏ အနောက် မြောက်ထောင့်နေရာတွင် မဟာရံတံတိုင်းထောင့် ချိုးနှင့်အရှေ့အနောက်တန်းနေသော အုတ်တံတိုင်းအလွှာ၊ အုတ်များစီထားသော အဆောက်အအုံ၏အစိတ်အပိုင်း၊ အဆောက်အအုံ၏ နံရံဟု ယူဆရသော အုတ်လွှာ ၂၀ လွှာပါ အုတ်နံရံ၊ သဲကျောက်ခြေကျော်တုံးများ၊ အုတ်ကြမ်းခင်း နှင့် အမိုးအုတ်ကြွပ်ပြားများ၊ အုတ်လွှာ ၆ လွှာပါ တောင်မြောက် တန်းလျက်ရှိသော အုတ်တန်းတို့တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ သဗ္ဗညုဘုရား၏ အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် မဟာရံတံတိုင်း တူးဖော်ခြင်း၊ တံတိုင်းအဝင်မုခ် တူးဖော်သုတေသန လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း