ကရင်ပြည်နယ်၌ (၅)နှစ်အတွင်း ကော်ဖီ ၅၃၀၀ ဧကတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုနှစ်တွင် ၁၁၁၅ ဧက စိုက်ပျိုးမည်

 

ဘားအံ ဇူလိုင် ၂၁

ကော်ဖီသည် ကမ္ဘာ့လူသန်းပေါင်းများစွာ နေ့စဉ်ကြိုက်နှစ်သက်စွာ သောက်သုံးလျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုကဏ္ဍ၌ နိုင်ငံခြားဝင်ငွေရရှိသည့် သီးနှံတစ်ခုဖြစ်သည့်အတွက် ကရင်ပြည်နယ်တွင် (၅)နှစ်အတွင်း ကော်ဖီ ၅၃၀၀ ဧကကို တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုနှစ်တွင် ကော်ဖီဧက ၁၁၁၅ ဧကကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့နယ် ကော့ပရံကျေးရွာ၌ ကျင်းပသည့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲမှ သိရသည်။

ကော်ဖီသီးနှံသည် ဈေးကွက်ဝယ်လိုအားကောင်းပြီး အရိပ်ပင်နှင့်အတူ ယှဉ်တွဲစိုက်ပျိုးရသည့် သီးနှံတစ်ခုဖြစ်သည့်အတွက် ယခုနှစ်တွင် အိမ်ခြံဝင်း၊ ရုံး၊ ကျောင်းဝန်းများတွင် ၁၉၇ ဧက၊ ဥယျာဉ်ခြံများတွင် ၁၂၃ ဧက၊ ရော်ဘာပင်ကြားတွင် ၅၁၇ ဧက၊ မြေလွတ်မြေရိုင်းများတွင် ၁၈၃ ဧက၊ သစ်တောမြေများတွင် ၉၅ ဧက စိုက်ပျိုးသွားရန်လျာထားဆောင်ရွက်လျက် ရှိပြီး ကရင်ပြည်နယ်သည် ကော်ဖီတိုးချဲ့စိုက်ပျိုးရန် မြေဧရိယာများ ပေါကြွယ်ဝပြီး အပြည်ပြည်ဆိုင်ရာကော်ဖီဈေးကွက် အထိထိုးဖောက်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အထူးတန်းဝင်ကော်ဖီထုတ်လုပ်နိုင်သည့် အလားအလာကောင်းများစွာရှိခြင်း၊ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းအားသာချက်များစွာရှိသော ပြည်နယ်တစ်ခုဖြစ်သည့်အားလျော်စွာ ပြည်နယ်အတွင်း ကော်ဖီလျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် အနာဂတ်ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တောင်သူဦးစောစေးထူး၏ ရော်ဘာပင်ကြား မြေနိမ့်ကော်ဖီ ရိုဘတ်စတာ စုပေါင်းစိုက်ပျိုးပွဲတွင် တောင်သူများအား တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရွှေတော၊ ဖအွံ၊ ကော့ကျိုက်၊ ကော့တရုတ်ရ၊ ကော့မူးတာကျေးရွာများမှ တောင်သူများအား ကော်ဖီပျိုးပင်များ ပေးအပ်ကြပြီး ရော်ဘာပင်ကြားကော်ဖီပင်များ စုပေါင်းစိုက်ပျိုးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ယခုနှစ်လျာထားဧက (၁၁၁၅) ဧကအနက် ၁၄၀ ဧက စိုက်ပျိုးပြီးစီး ပြီဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ရဲသာကျေးရွာရှိ တောင်သူဦးဝင်းဒါး၏ နို့စားနွား (၁၃) ကောင်နှင့် ဆိတ်ကောင်ရေ (၂၀) တစ်ပိုင်တစ်နိုင်မွေးမြူထားရှိမှု၊ တောင်သူဦးမာယာ၏ နို့စားနွား(၁၅)ကောင်နှင့် ဆိတ်ကောင်ရေ (၂၀) မွေးမြူထားရှိမှုနှင့် တောင်သူဦးရာဇူး၏ နို့စားနွား(၄၀)ကောင်နှင့် ဆိတ်ကောင်ရေ (၃၀) မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော အာဟာရဆားခဲများနှင့် တိရစ္ဆာန်သုံး ဆေးဝါးများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ရဲသာကျေးရွာရှိ Home Garden နှင့် Organic စိုက်ပျိုးနည်းစနစ်တွဲဖက်ပါဝင်သော Pilot Project Site တွင် တောင်သူ(၃၃)ဦး၏ အောင်မြင်ဖြစ်ထွန်းနေသော မုန်ညင်း၊ ကိုက်လန်၊ ကန်စွန်း၊ ဆလပ်၊ ချဉ်ပေါင်၊ မုန်လာ၊ ရုံးပတီ၊ ခရမ်း စိုက်ခင်း ၇ ဒဿမ ၁၀ ဧကအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စိုက်ပျိုးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာ၊ မှိုမျိုးထုပ်နှင့် မျိုးစေ့ထုပ်များကို အခမဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)