ပြည်ကြီးမဏ္ဍိုင်မြို့၌ ပလတ်စတစ် စွန့်ပစ်ပစ္စည်းစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြော

ပြည်ကြီးမဏ္ဍိုင်  ဇူလိုင်  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေး ဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်းတွင်ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဒေါ်ကေခိုင်ဝင်းက  ကမ္ဘာတွင် ပလတ်စတစ်သုံးစွဲမှုမှာနှစ်ပေါင်း (၁၀၀) ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူအများသုံးစွဲပြီး စွန့်ပစ်လိုက်သည့် ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ မဆွေးမမြေ့ဘဲစုပုံနေတက်ကြောင်း၊ ပလတ်စတစ်သည်အလွန် အသုံးဝင်သည့်ပစ္စည်းဖြစ်သည့်အပြင် ဆိုးကျိုးအနေဖြင့်စွန့်ပစ်သည့် ပစ္စည်းများသည် လေထုရေထုနှင့်သဘာဝပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြားသက်ရှိသတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဉတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြော ရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း၊ အာရုံကြောရောဂါများဖြစ်တတ်သဖြင့် ပလတ်စတစ်များအား  စနစ်တကျ  သုံးစွဲ၍ စွန့်ပစ်သင့်ကြာင်းတို့ကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန် ရှင်းလင်းဟောပြောသည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပလတ်စတစ်ဆိုးကျိုး များနှင့်ပတ်သက်သည့်  နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)