ကချင်ပြည်နယ်ဝန်ကြီးချုပ် နန့်ကွေ့ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းမျိုးနွယ်စုများ ယာယီနေရပ်စွန့်ခွာမိသားစုများ ပြောင်းရွှေ့နေရာချထားနိုင်ရေး သွားရောက်တွေ့ဆုံ

မြစ်ကြီးနား ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် မိုးရေသည် ၁၈၄ မီလီမီတာ (၇ ဒဿမ ၂၄) လက်မအထိ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် နန့်ကွေ့ချောင်းရေမြင့်တက်လာပြီး အဆိုပါနန်းကွေ့ချောင်းဘေးရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်း ယာယီနေအိမ် အဆောက်အအုံများအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပြောင်းရွေ့ နေထိုင်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းက အဆိုပါမိသားစုများအား သွားရောက်တွေ့ဆုံအားပေးသည်။

ထိုသို့ တွေ့ဆုံအားပေးစဉ် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ ရွှေပြည်သာအုပ်ချုပ်ရေးမှူးရုံးရှိ ခန်းမဆောင်၌ ယာယီရွေ့ပြောင်းနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွား‌ရောက်တွေ့ဆုံအားပေးပြီး အုပ်ချုပ်ရေးမှူးရုံး၌ အိမ်ထောင်စုများအား ယခုအခါမိုးများသည် ရာသီဖြစ်သည့်အပြင် ပြီးခဲ့သည့် ရက်က စံချိန်တင်မိုးများခဲ့သဖြင့် ယာယီ နေအိမ်များ ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်လများတွင်လည်း မိုးရွာသွန်းမှုများပြားနိုင်သဖြင့် ယခုနေထိုင်သည့်နေရာမှ ရပ်ကွက်အတွင်းချောင်းရေလွတ်သည့်မြေနေရာတွင် ပြောင်း‌ရွှေ့နေထိုင်နိုင်ရေး လိုအပ်သည်များ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လတ်တလော ရေဘေးသင့် အိမ်ထောင်စု ၁၂၃ စုတို့ စားသောက်မှုအဆင်ပြေစေရေး ဆန်(၂၄)ပြည်ပါအိတ် (၁၂၃)အိတ်နှင့် ခေါက်ဆွဲခြောက်ဖာ ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းနေပြည်သူတစ်ဦး၏ အခက်အခဲများ တင်ပြမှုအပေါ် မိသားစုများ အမြန်ဆုံးပြောင်းရွှေ့ပေးနိုင်ရေးအတွက် လျာထားမြေနေရာအား ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လတ်တ လော ချက်ပြုတ်စားသောက်နိုင်ရေး အိုး၊ ခွက်၊ ပန်းကန်များနှင့် ထမင်းဘူးများ ထောက်ပံ့နိုင်ရေးနှင့် ကျန်း မာရေးစောင့်ရှောက်မှုများပေးနိုင်ရေး၊ ကျောင်းနေကလေးများ အဆင်ပြေစွာ ကျောင်းသွားနိုင်ရေး ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုူင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားဘူတာသို့သွားရောက်ပြီး မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉) အဆန်/ အမှတ်(၅၀)အစုန် လူစီးမီးရထားခရီးစဉ် စတင်ပြေးဆွဲနိုင်ရေး အတွက်ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းနိုင်နှင့် မြန်မာ့မီးရထားမှ တာဝန်ရှိ သူများနှင့်အတူ မီးရထားခရီးစဉ် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြေးဆွဲပေးမည့် လူစီးရထား စက်ခေါင်းတွဲများနှင့် လူစီးတွဲများ၊ ကုန်တင်တွဲများ ပြင်ဆင်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးနှင့် ရထားလက်မှတ်အရောင်းဌာနတွင် လက်မှတ်များ ကြိုတင်ဝယ်ယူ/‌ရောင်းချမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ် ကွက်အတွင်း ပိုင်ရှင်ဦးခေါင်ဇယ်၏ခြံနှင့်လယ်ကုန်းဗက်လင်၊ဇီးအုန်စသည့် စခန်းများတွင် ဝိုင်းမော်မြို့ နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၉၀ တို့နှင့် သွားရောက်တွေ့ဆုံ ပြီး အိမ်ထောင်စုများအတွက် ငွေကျပ် ၁၈၀၅၀၀၀၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၁၉၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ စခန်းတာဝန်ခံများ၏ လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် မင်္ဂလာလမ်းပေါ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေထုတ်ချောင်းများ ရေလျှံပြီး ရပ်ကွက်အတွင်း ဖြတ်သန်းစီးဆင်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လာမည့် ပွင့်လင်းရာသီတွင် ရေနှုတ်မြောင်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးနှင့် မိုးများ၍ ရေဝပ်နိုင်သည့် နေရာများအား မှတ်တမ်းတင်၍ ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပြီး ခေမာသီရိ ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရေကြည်ချောင်းရေထိန်းတံခါးနေရာသို့ သွား‌ရောက်ပြီး ဧရာဝတီမြစ်ရေအခြေအနေနှင့် ရေထိန်းတံခါးမှ မြို့တွင်းရှိ ရေများ ထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေထိန်းတံခါးအဝ(ချောင်းပေါက်နေရာ)၌ အမှိုက်များ ပိတ်စုံမှုမရှိစေရေး စည်ပင်သာယာရေးဝန်ထမ်းများက ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)