ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ

ကျောက်ပန်တောင်း ဇူလိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင် ၂၀ ရက်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို Grade-7 ကျောင်းသား၊ ကျောင်းသူလေးများက ရွှေမြန်မာ သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ကြပြီး ကျောင်းအကျိုးတော်ဆောင် ဦးဇော်ဝင်းမောင်က ဂုဏ်ပြုပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း၍ အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ Grade-6 ကျောင်းသား၊ ကျောင်းသူလေးများက အ.ထ.က(၁) သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး တိုင်းအဆင့် နှစ်ထပ်ကွမ်း လူရည်ချွန်ဆု ရရှိသော မနေခြည်လင်းလက် အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ဂုဏ်ထူးရအောင် သင်ကြားပြသပေးခဲ့ကြသည့် ဆရာ၊ ဆရာမများအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး၊ Grade-7 ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီးချင်းကို သံပြိုင်သီဆို၍  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုသူ ၃၇ ဦးရှိပြီး၊ အောင်မြင်သူ ၂၄   ဦးရှိရာ အောင်မြင်မှုရာခိုင်နှုန်း ၆၄ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်းသိရပြီး ၎င်းတို့အနက် ၅ ဘာသာ ဂုဏ်ထူး ၁  ဦး၊ ၄ ဘာသာ ဂုဏ်ထူး ၁ ဦး၊ ၃ ဘာသာဂုဏ်ထူး ၁ ဦး၊ ၂ ဘာသာ ဂုဏ်ထူး ၂ ဦးနှင့် ၁ ဘာသာဂုဏ်ထူး ၂ ဦးရရှိကြောင်း သိရသည်။ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဂုဏ်ထူးရကျောင်းသားကျောင်းသူများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၆၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)