ဘားအံ ဇူလိုင် ၂၀
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကရင်ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ အမှတ်စဉ်(၁၆) ဒီပလိုမာလက်မှတ်အပ်နှင်းပွဲနှင့် အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့်သံဃာတော်များနှင့် သင်တန်းဆင်း၊ သင်တန်းတက်ကြမည့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဝင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မပါလက သင်တန်းပြီးမြောက်၍ ဒီပလိုမာလက်မှတ်အပ်နှင်းမည့် သံဃာတော်များ(၁၂)ပါး၏ ဘွဲ့တော်အမည်စာရင်းကိုဖတ်ကြားကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါက က ထိုအမည်စာရင်းကို အတည်ပြုလက်မှတ်ရေးထိုး၍ ဒီပလိုမာလက်မှတ်များအပ်နှင်းသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်အပေါင်းတို့က ကျောင်းအုပ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)