သင်္ဃန်းကျွန်းခရိုင်အတွင်း နေထိုင်ကြသော ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ကြက်ဥများရောင်းချပေး

တာမွေ ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းအတွင်းရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ဦးဆောင်စီစဉ်မှုဖြင့် မြန်မာနိုင်ငံကြက်ဥ၊ ဘဲဥရောင်းချသူများအသင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန) တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်သုံးခုတွင် သက်သာသောစျေးနှုန်းဖြင့် ကြက်ဥများကို ရောင်းချပေးခဲ့ကြသည်။

ထိုကဲ့သို့ ရောင်းချရာတွင် မြန်မာနိုင်ငံကြက်ဥ၊ ဘဲဥရောင်းချသူများအသင်းမှ တာဝန်ရှိသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန) မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြစျေးကြီးတွင်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒဝန်စျေးကြီးတွင်လည်းကောင်း၊ တာမွေမြို့နယ်ရှိ အခွန်လွတ်စျေးတွင်လည်းကောင်း မော်တော်ယာဉ်များဖြင့် ကြက်ဥအလုံးရေ သုံးသောင်းအား စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချ‌ပေးခဲ့ကြသည်။

အဆိုပါသင်္ဃန်းကျွန်းခရိုင်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ကြက်ဥများ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ထောက်ကြန့်စျေး၊ မြောက်ဥက္ကလာပ (စျ) စျေး၊ ရွှေပြည်သာပတ္တမြားစျေး၊ ပုဇွန်တောင်စျေး၊ ဒဂုံရွှေပြည်စျေး၊ ဗိုလ်က‌လေးစျေးတို့တွင်လည်း ကြက်ဥများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)