ကန်ကြီးထောင့် ဇူလှိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်နှင့်အခြားသော သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း လုပ်ငန်းများ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ရေပြင်အသက်ကယ် သရုပ်ပြလေ့ကျင့်မှု များကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ ကမ်းနားလမ်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့သရုပ်ပြလေ့ကျင်ခြင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ်စဉ်တွင် ဘေးဒုက္ခရောက်ရှိနေသော ပြည်သူများအားအရေးပေါ်ကူညီ ကယ်ဆယ်ရွှေ့ပြောင်းမှု၊ စက်လှေမီးလောင်မှုဖြစ်စဉ်တွင် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်း များအား ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစကောင်းပြည့်လင်းက လိုက်လံပြသ ရှင်းလင်းခဲ့ ကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)