ရွှေပြည်သာ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိပြည်သူများ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့ပူးပေါင်း၍ ကြက်ဥများအားဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက် ပတ္တမြားဈေးတွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရပ်ကွက်နေ ပြည်သူများအား ကြက်ဥတစ်လုံးလျှင် (၅၅၀) ကျပ်နှုန်း ဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှုန်း ဖြင့်ကြက်ဥ အလုံးရေ (၁၂၀၀၀) ကိုရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချနေမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)