ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် ၂၀၂၆ အား ခမ်းနားစည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေး တက္ကသိုလ်ဝင်းအတွင်း ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် မြစ်ကြီးနား နိုင်ငံတကာပညာရေးဖိုရမ်-၂၀၂၆ အား စည်ကားသိုက်မြိုက်ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း “ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှ သည် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားတိုးတက်မှုဆီသို့” (From State Development to National Peace and Socio-Economic Prosperity) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတကာအဆင့်မီ စာတမ်း ဖတ်ပွဲကဏ္ဍ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် ကိစ္စရပ်များ၊ ပြုပြင် ဆောင်ရွက်ရန်ရှိသည်များအားလုံးကို ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ခန်းမအတွင်းနှင့် အပြင်ရှိ ခန်းမ ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမ ပတ်ဝန်းကျင်၌ လူမှုရေးသိပ္ပံ၊ ငြိမ်းချမ်းရေး၊ MSME ကဏ္ဍအတွက် ပြင်ဆင်နိုင်ရေး တက္ကသိုလ်သုတေသနစင်တာနှင့် တက္ကသိုလ်ဝင်းအတွင်း အဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်သည် မြစ်ကြီးနားမြို့၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံတော်အဆင့် နိုင်ငံတကာပညာရေး ညီလာခံအဖြစ် ပထမဆုံးအကြိမ်ကျင်းပသွားမည်ဖြစ်သည့် အတွက် အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံး ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ နှင့် သန့်ရှင်းသပ်ယပ်မှုရှိစေရေး၊ ပန်းများဖြင့် ဝေဝေဆာဆာ လှပနေစေရေး၊ အဆောင်များတွင် ဧည့်သည် များ တည်းခိုနေထိုင်နိုင်ရေး စသည့်တို့ကို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက္ကသိုလ်တို့အကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်-၂၀၂၆ ကို လာမည့် နိုဝင်ဘာအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး အာဆီယံ (၁၀)နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားနိုင်ငံတို့၏ ထပ်သီး တက္ကသိုလ်များ၊ ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များ၊ စာတမ်းရှင်များ စုစုပေါင်း (၄၅၀)ဦးခန့် တက် ရောက်ကြမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာဆန်းသစ် တီထွင်မှုများ၊ လူမှုအသုံးချသိပ္ပံ၊ ဘာသာစကားနှင့် ယဉ်‌ကျေးမှု အမွေအနှစ်များ၊ လူမှုရေးသိပ္ပံ၊ ငြိမ်းချမ်း ရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ၊ ဉာဏ်ရည်တု(AI) နည်းပညာ၊ ကမ္ဘာလုံးဆိုင်ရာသင် ကြားပြသမှုစနစ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် အဓိက ကဏ္ဍကြီး (၄)ခုဖြင့် စာတမ်း ဖတ်ပွဲ၊ ဒေသထွက် အဖိုးတန်ထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် လူငယ်များ၏ သုတေသန အခြေပြု နည်းပညာနှင့် လူမှုစီးပွားဆိုင်ရာတီထွင်ဆန်းသစ်မှုများကို ချိတ်ဆက်ပြသပေးသွားမည့် ဖိုရမ် ဖြစ်ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ လူငယ်များ၏ အနာဂတ်တိုးတက်ကောင်းမွန်တောက်ပစေရေး၊ လူငယ်များ၏ အသံ နှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ရေး အားလုံးက ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ယနေ့ နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပြည်နယ်မှ လူငယ်များအား ရွေးချယ်ပြင်ဆင်၍ စေလွတ်နိုင်ရေး အားလုံးက ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်နယ်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့လူငယ်များနေ့ အထိမ်းအမှတ် ပွဲတော် အတွက် ကချင်ပြည်နယ်မှ လူငယ်များ စေလွတ်ရွေးချယ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ နှင့် အသေးစိတ်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများသို့ သွားရောက်တွေ့ဆုံအားပေးပြီး ဆန်နှင့်ဆီများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဦးစွာ မြစ်ကြီးနားမြို့ ပလန-၅ (သဇင်မြိုင်ကျေးရွာ)အတွင်းရှိ ကျေးရွာခန်းမသို့ သွားရောက်ပြီး ကျေးရွာ အုပ်စုအတွင်းရှိ မူရင်းနှစ်ခြင်းဘုရားကျောင်းနှင့် သတင်းကောင်းအသင်းတော်ခြံမြေနေရာရှိ ယာယီစခန်း တို့တွင် လာရောက်နေထိုင်လျက်ရှိသော ဝိုင်းမော်မြို့၊ ဝါးရှောင်၊ လဝါးတို့နှင့် ဗန်းမော်မြို့နယ်တို့မှ ယာယီ တိမ်းရှောင် အိတ်ထောင်စု (၆၉)စုတို့အတွက် ဆန်(၂၄)ပြည်ပါအိတ် (၆၉)အိတ်နှင့် ဆီ (၆၉)ပိဿာကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ စခန်းတာဝန်ခံများ၏ ကျေးဇူးတင်စကားနှင့် တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု(၈)မိုင်အေဂျီဘုရားကျောင်း၌ ယာယီ တိမ်းရှောင်မိသားစုများ ဆက်လက်သွားရောက်တွေ့ဆုံခဲ့ကြပြီး အဆိုပါ ကျေးရွာအတွင်း ခိုလှုံနေထိုင် လျက်ရှိသော ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များရှိ ကျေးရွာများမှ အိမ်ထောင်စု ၃၉၀ တို့အတွက် ဆန်(၂၄)ပြည်ပါအိတ် ၃၉၀ အိတ်၊ ဆီပိဿာ ၃၉၀ တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက အိမ်ထောင်စုများအတွက် လိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အားပေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)