ကလိန်အောင်မြို့၌ ကွမ်းသီးပျိုးပင် ဈေးကောင်းရ

ကလိန်အောင် ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့‌ ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးပင်ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ကွမ်းသီးပင်စိုက်တောင်သူများပြားကာ ပျိုးထောင်ထားသူများ ဈေးကောင်းရ၍ ဝင်ငွေကောင်းနေကြောင်း ကလိန်အောင်မြို့ရှိ ‌‌တောင်သူများထံမှ သိရသည်။

“ကွမ်းသီးဈေးကောင်းလာတော့ ကွမ်းပင်စိုက်ပျိုးသူများလာတယ်၊ ကွမ်းသီးပျိုးပင်စိုက်ပျိုးရာတွင် ကွမ်းသီးအလုံးကို ပျိုးအိတ်များဖြင့် စနစ်တကျ စိုက်ပျိုးရတယ်၊ ပြီးတော့ မြေသြဇာလည်း လုံလောက်စွာထည့်ပေးရပြီး ရေကိုလုံလောက်စွာပေးရတယ်” ဟု ကလိန်အောင်မြို့ရှိ တောင်သူတစ်ဦးက ပြောသည်။

ကွမ်းသီးပျိုးပင်များကို တစ်နှစ်ကြာအောင် ပျိုးထားရပြီး တစ်နှစ်ကြာသောပျိုးပင်များ စိုက်ထည့်ရာတွင် တစ်ပင်နှင့်တစ်ပင် (၆) ပေကွာ စိုက်ထည့်ရကြောင်း၊ စိုက်ပျိုးရာတွင် ကွမ်းသီးပင်များကို မိုးဦးတစ်ကြိမ် မိုးနှောင်းတစ်ကြိမ်မြေသြဇာပေးရပြီး (၇) နှစ်၊ (၈) နှစ်အကြာတွင် ကွမ်းပင်များ စတင်အသီးသီးကြသည်။

ယခင်နှစ်က ကွမ်းသီးပျိုးပင်တစ်နှစ်သား ပျိုးပင်တစ်ပင်ကို ငွေကျပ် ၅၀၀ မှ ၆၀၀ ကျပ် ရရှိသော်လည်း ယခုနှစ်တွင် ကွမ်းသီးပျိုးပင်တစ်နှစ်သားပျိုးပင် တစ်ပင်ကို ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ စျေးကောင်းရရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)