ဖားကန့် ဇူလိုင် ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့တွင် မိုးများသည်းထန်းစွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ဇူလိုင်လ ၁၇ ရက်မှစတင်၍ ဥရုချောင်းရေမြင့်တင်လာခဲ့ပြီး ငှက်ပျောတောရပ်ကွက်အတွင်း ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဥရုချောင်းရေမြင့်တင်လာခဲ့ပြီး ငှက်ပျောတောရပ်ကွက်အတွင်းရှိ အနိမ့်ပိုင်းနေရာများတွင် (၄) ပေခန့်၊ မရှီကထောင်ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် (၃) ပေခန့်နှင့် အေးမြသာယာရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် (၃) ပေခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့၊ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ငှက်ပျောတော၊ အေးမြသာယာနှင့် မရှီကထောင်ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများသည် နှစ်စဉ်မိုးသည်းထန်စွာရွာသွန်းပါက ရေဝင်ရောက်လျက်ရှိသောနေရာများဖြစ်၍ ကယ်ဆယ်ရေးဆောင်ရွက်ပေးရန် လိုအပ်မှုမရှိသေးပါကြောင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ ရပ်ဖများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များကို ခေါ်ယူတွေ့ဆုံပြီး ရေကင်းများထားရှိခြင်း အနိမ့်ပိုင်းရေဝင်ရောက်လျက်ရှိသော နေရာများရှိ ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန်အတွက် အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ လိုအပ်သည်များ ပူးပေါင်းကူညီပေးနိုင်ရန် စီစဉ်ထားရှိခြင်းများ၊ ရေပုံမှန်ဝင်ရောက်နေသည့် အနိမ့်ပိုင်းနေရာများတွင် ထမင်းထုပ်များ ဝေငှရန်လိုအပ်လာပါက အုပ်ချုပ်ရေးအဖွဲ့၊ လူမှုကူညီရေးအဖွဲ့များမှတစ်ဆင့် အလှူရှင်များဖြင့် ကူညီဆောင်ရွက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ထားရှိခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်လာပါက မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/ တပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဥရုချောင်းရေမြင့်တက်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိပါကြောင်း သိရှိရသည်။
ဖားကန့်မြို့နယ်အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဥရုချောင်းနှင့် ချောင်းလက်တက် ရှင်းလင်းခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ယခင်နှစ်နှင့် ယခုနှစ်တို့တွင် နယ်မြေလုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့၍ ယခုအခါ မိုးသည်းထန်စွာ ရွာသွန်းလာပါက အနိမ့်ပိုင်းရပ်ကွက်များတွင် ပုံမှန်ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖားကန့်မြို့ဒေသခံများ၏ ပြောပြချက်အရ ဖားကန့်မြို့သည် ၄ နှစ်လျှင် ၁ ကြိမ် ပုံမှန်ရေကြီးရေလျှံလေ့ရှိပြီး ယခုနှစ်သည် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်မည့်နှစ်ဖြစ်ပါကြောင်း၊ အနိမ့်ပိုင်းနေရာများရှိ နေအိမ်များမှာ (၂) ထပ်အိမ်များဖြစ်ခြင်း၊ နှစ်စဉ်ရေကြီးရေလျှံမှုအခြေအနေကို ကြိုတင်သိရှိခြင်း၊ ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများအား ရေဘေးလွှတ်မြောက်မည့်အမြင့်ပိုင်းနှင့် အပေါ်ထပ်နေရာများသို့ ၎င်းတို့၏အစီအစဉ်ဖြင့် ကြိုတင်ပြောင်းရွှေ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)