ပင်လောင်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ကျင်းပပြုလုပ်သော ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ထီပေါင်းကျေးရွာအုပ်စု၊ ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးထွန်းက ၂၀၂၆ ခုနှစ် ဘိန်းစိုက်ရာသီတွင် ဘိန်းမစိုက်ပျိုးကြဖို့လိုအပ်ကြောင်းနှင့် ဘိန်များစိုက်ပျိုးပါက စိုက်ပျိုးသူများအား အရေးယူသွားမည့် အခြေနေများကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီလင်းထက်က လယ်ယာမြေပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေများနှင့် လယ်ယာမြေဥပဒေများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်က ဘိန်းစိုက်ပျိုးပပျောက်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများအခက်အခဲမရှိစေရေး အစားထိုးတစ်နိုင် တစ်ပိုင်လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ဥပဒေအရာရှိ ဒေါ်သော်တာလမင်းထွန်းက ဘိန်းစိုက်ပျိုးမှုမှ အရေးယူနိုင်သည့် ပုဒ်မနှင့်ပြစ်ဒဏ်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက ဒေသနှင့်ကိုက်ညီပြီး အကျိုးစီးပွားဖြစ်ထွန်းနိုင်သည့် အစားထိုးသီးနှံများစိုက်ပျိုးမှုများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနိုမ်နင်းရေးရဲ့တပ်ဖွဲ့စု ရဲမှူးဝင်းထွန်းက မူးယစ်ဆေးဝါးတားဆီးနိုမ်နင်းရေးနှင့် ဖမ်းဆီးအရေးယူမှုလုပ်ငန်းများကို လည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြကြောင်း သိရသည်။
ထို့နောက် ပင်လောင်းမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဋ္ဌ ဦးခွန်အောင်ခိုင်က အခြားနေရာဒေသများနှင့်နည်းတူ ဘိန်းစိုက်ပျိုးမှုမရှိစေရေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု/ သုံးစွဲမှုမရှိစေရေးကို ကျေးရွာတာဝန်ခံများအနေဖြင့် မိမိကျေးရွာရှိ ပြည်သူများအား အသိပညာပေး ဟောပြောပေးဖို့လိုအပ်ကြောင်းနှင့် ထီပေါင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်မြင့်ဆန်းဦးက ကျေးရွာပြည်သူများ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ပတ်သက်၍ ကျေးရွာတာဝန်ခံနှင့် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းဟောပြောကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်