ကျောက်ဆည်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများကိုဆိုလိုကြောင်း  ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုးနှင့် ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေသည့်အလုပ်မျိုး၊ ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသော အလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်း ဟောပြောခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းအရင်းများ၊ ဘေးဥပဒ်အန္တရာယ် ကျရောက်နေသော ကလေးအလုပ်သများအကြောင်း၊ ကလေးလုပ်သား၏အကျိုးဆက်များ၊ အဆိုးဝါးဆုံး ပုံစံဖြင့် ကလေးအလုပ်သမားများကို ခိုင်းစေမှုအကြောင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)