ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း  မိုးရာသီကာလအတွင်း အများဆုံးဖြစ်ပွားတတ်သည့် ဝမ်းပျက်/ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ယနေ့နံနက်ပိုင်းမှစ၍  ခနောင်တို အနောက်ရပ်ကွက်အတွင်းရှိ ကျောင်းများ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဦးစီးအရာရှိ ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြု ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် များက သက်ဆိုင်ရာရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများ၊ လူနေအိမ်များသို့သွားရောက်၍ ရေကြည် ရေသန့် သိုလှောင်ရာ အိုး၊ ခွက်၊ ရေတိုင်ကီ၊ ကျောက်စည်များကို အဖုံးများ သေချာဖုံးအုပ်ထားရေး၊ ပိုးလောက်လမ်းပါသောရေများ‌ တွေ့ပါက သွန်ပေး၍ ဆေးကြောပေးခြင်း၊ ဘုရားပန်းအိုး၊ သောက်ရေအိုးစသည့် အိုးခွက်များကို အပတ်စဉ်ရေလဲလှယ်၍ ဆေးကြောရန် အသိပညာပေးပြောကြားခြင်း၊ ပိုးလောက်လန်းများတွေ့ပါက စစ်၍ခတ်ထုတ်ပေးခြင်းအပြင် အဘိတ်ဆေးခတ်ပေးခြင်းနှင့် ခြင်‌ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် အခြေခံပညာကျောင်း  ၁၇ ကျောင်းရှိရာယခုကဲ့သို့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍  ရပ်ကွက်အလိုက် အလှည့်ကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဝေယံ (ပြန်/ဆက်)