ဖလမ်း ဇူလိုင် ၁၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင်လ ၁၈ ရက်နေ့က ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုတင် (၂၀၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုကြပါသည်။
ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များပါဝင်သည့် စုပေါင်းအင်အား (၃၅၂) ဦးဖြင့် ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ ဒေါက်တာနီခွဲလမ်းတစ်လျောက် လမ်းဘေးဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းများ၊ ရေမြောင်းများ၊ ခရိုင်နှင့်မြို့နယ်ရုံးပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံ၊ သူနာပြုသင်တန်းကျောင်းပတ်ဝန်းကျင်တို့ကို တက်ညီလက်ညီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် များစွာဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပြီး၊ နံနက်စာ စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးကာ တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားပါသည်။
ဖလမ်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ၊ အဆောက်အဦများကို ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာသိက္ခာ တော်ရဆရာတော်များ၊ မြို့မိမြို့ဖများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် ပြုပြင်ထိန်းသိမ်းခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ရာ ဆေးရုံဝန်းအတွင်း လူအား၊ စက်အားများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အဆောက်အဦအစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးမှ ဖျက်သိမ်းရမည့်အဆောက်အဦများမှ ပြန်လည်အသုံးပြုနိုင်သော ဆယ်တင်ပစ္စည်းများဖြစ်သည့် သွပ်များ၊ သစ်သားများ၊ သံပန်း၊ သံတံခါးများ၊ တံခါးပြူတင်းရွက်များ၊ ကျည်းဘောင်များ၊ ရေသန့်နှင့် လျှပ်စစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရှိရန်၊ ပြန်လည်ပြုပြင်ရမည့် အဆောက်အဦများကိုလည်း ပြုပြင်ရမည့်နည်းလမ်းများကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါသည်။ ဖလမ်းမြို့တွင် ယာယီပြည်သူ့ဆေးရုံဖွင့်လှစ်၍ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း (၈၄) ဦးဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာပေါင်း (၁၅၅၄) ဦးအား ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ပေါ်ရှိဒေသခံများသာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့များတွင် မြို့နယ်ပြည်သူ့ဆေးရုံများဖွင့်လှစ်၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း (၂၈၅) ဦးဖြင့် လူနာပေါင်း (၁၄၁၂၄) ဦးအား ဆေးကုသမှု ပေးနိုင်ခဲ့ပြီး နိုင်ငံတော်မှထောက်ပံ့သော ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။
ခရိုင်ပြန်ဆက်