ကျောက်ဆည်မြို့၌ ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် ဇူလိုင် ၂၀

ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး) အစည်းအဝေးခန်းမတွင် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးနှင့် တိုင်းဒေသကြီးစီမံကိန်းရေးဆွဲအအထည်ဖော်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်စီမံကိန်းဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်များ၊ တံတားဦးခရိုင် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်က ဒေသန္တရစီမံကိန်းရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ကျောက်ဆည်ခရိုင် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ တံတားဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းတို့က ခရိုင်များအလိုက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)