မတ္တရာ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် “လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ လူငယ်များအချင်းချင်း အသိပညာအတက်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်’’ ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနန်းဝင်းထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးသိန်းတန်မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က ဦးဆောင်ဆွေးနွေးကာ Grade-10 ကျောင်းသား မောင်ဝေယံပိုင်မှ “လူငယ်နှင့်ရည်မှန်းချက်”၊ Grade-၁၀ ကျောင်းသူ မအေးစုဝတီမှ “လူငယ်နှင့် ယဉ်ကျေးမှု”၊ Grade-11 ကျောင်းသူ မနွေးစန္ဒီလွင်မှ “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ Grade-11 ကျောင်းသားမှ မောင်စွမ်းမိုးထက်မှ “လူငယ်နှင့်ကျန်းမာရေး” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။ စကားဝိုင်းတွင်ပါဝင်ဆွေနွေးခြင်းနှင့် မေးခွန်းမြန်းကြသည့် ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့မှ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရွှေရာသား