မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး)သင်တန်းဖွင့်

မတ္တရာ ဇူလိုင် ၂၀

မန္တလေးတိုင်း‌ဒေသကြီး၊ မတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ International Committee of The Red Cross (ICRC)တို့ ပူးပေါင်းဖွင့်လှစ်သော မြို့နယ်အဆင့် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အောင်မြေသာစံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဧရာထက်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနန်းဝင်းထွေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် အောင်ထွန်းတို့မှ အမှာစကားများပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ များနှင့် သင်တန်းသားများက မိတ်ဆက်စကားများပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သင်တန်းသား ၂၆ ဦးအား ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်ကြားပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရာသား