ကျောက်ဆည် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) မှ တောင်သူများအတွက် စီးပွားဖြစ် စိုက်ပျိုးရန် ဖြန့်ဖြူးခဲ့သော ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများထက် အထွက်နှုန်းနှင့်အရည်အသွေး သာလွန်ကောင်းမွန်သော ဝါမျိုးသစ်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဝါမျိုးကူးစပ်ခြင်း (Cotton Breeding) အား ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုရာသီမှစ၍ ဆောင်ရွက်လျက်ရှိရာ နောင်လာမည့် ၂ နှစ်အတွင်း ဝါမျိုးသစ်များကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ခြံတာဝန်ခံ ဒေါက်တာအေးအေးမြတ် ပြောပြ၍ သိရသည်။
ဝါမျိုးသစ်များရရှိရေး မျိုးကူးစပ်ခြင်းများဆောင်ရွက်ရာ၌ မိဘမျိုးအဖြစ် ဥဇဘက်ကစ္စတန် ဝါမျိုးများအား ရွှေတောင်-၁၀၊ ငွေချည်-၆ ဝါမျိုးများနှင့် မျိုးကူးစပ်ထားခြင်းဖြစ်ပြီး၊ ဥဇဘက်ကစ္စတန် ဝါမျိုးများမှာ အပင်ထောင်မတ်သည့်အတွက် အပင်ဦးရေ စိပ်စိပ်စိုက်ပျိုးနိုင်ခြင်း၊ သီးလုံးအရွယ်အစား ကြီးသည့်အတွက် ဝါ ၁ ပေါက် အလေးချိန်များခြင်း၊ ဂွမ်းထွက်ရာခိုင်နှုန်းနှင့် ဂွမ်းမွှေးအရှည်ကောင်းမွန်ခြင်း စသည့်လက္ခဏာရပ်များရှိသော် လည်း သီးလုံဖောက်ပိုးနှင့် စုပ်စားပိုးကျရောက်မှုဒဏ် ခံနိုင်ရည်မရှိသည့်အတွက် သီးလုံးဖောက်ပိုးနှင့် စုပ်စားပိုးဒဏ် ခံနိုင်ရည်ရှိသော ရွှေတောင်-၁၀၊ ငွေချည်-၆ ဒေသဝါမျိုးများနှင့် မျိုးကူးစပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အထွက်နှုန်းနှင့်အရည်အသွေး သာလွန်ကောင်းမွန်မှုရှိသော ဝါမျိုးသစ်များရရှိရေး ကြိမ်ဖန်များစွာ သားဆက်အဆင့်ဆင့် မျိုးကူးစပ် သုတေသနပြု၍ ထုတ်လုပ်ထားရှိပြီး တောင်သူများထံသို့ ဖြန့်ဖြူရာ၌ မျိုးသစ်ဝါနှင့် မိဘဝါမျိုးများကို မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ၌ Farmers Participatory Approach နည်းလမ်းဖြင့် ဝါစိုက်တောင်သူများအား စိုက်ပျိုးပြပြီး ဝါမျိုးသစ်သည် မိဘဝါမျိုးများထက် သာလွန်ကောင်းမွန်ကြောင်း တောင်သူများ မျက်မြင်ကိုယ်တွေ့လက်ခံယုံကြည်မှုရယူပြီးမှသာ ဝါမျိုးသစ်များအား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ အေးအေးမြတ်က ဆက်လက်ရှင်းပြသည်။
ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) မှ ဒေသဝါမျိုးများထက် သာလွန်ကောင်းမွန်သော ဝါမျိုးသစ်များဖြန့်ဖြူးပေးနိုင်ရေး စဉ်ဆက်မပြတ် မျိုးကူးစပ်သုတေသနပြုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)