ဗိုလ်တထောင်မြို့နယ်Community Centre ခန်းမ၌ Book Club စာဖတ်ဝိုင်းနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဗိုလ်တထောင် ဇူလိုင်  ၂၀

ဗိုလ်တထောင်မြို့နယ် Community Centre ခန်းမ၌ ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲက Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ပထမဦးစွာ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က Book Club စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် လူကြီးလူငယ်လူလတ်ပိုင်းတွေမကျန် အရွယ်သုံးပါးစာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်းဖြင့် စာဖတ်စွမ်းရည်တွေတိုးပွားလာမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအား နေ့ကြီးရက်ကြီးများတွင် အကြိုအထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းစာသာမက အပြင်ဗဟုသုတရရှိစေမည့် စာအုပ်စာပေများဖတ်ခြင်းတို့ကြောင့် စာဖတ်စွမ်းရည်များပိုမိုတိုးပွားမည်ဖြစ်ကြောင်း ပြောကြားပြီး Book Club စာဖတ်ဝိုင်းကို စတင်ဖတ်ကြရာ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု” စာအုပ်မှ လူငယ်နှင့်ပညာရေးခေါင်းစဉ်ပါ ဆောင်းပါးအား ဆရာမ မေ(ရန်ကုန်)က ဖတ်ကြားဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း ခေါင်းစဉ်ပါ ဆောင်းပါးကို ဗိုလ်တထောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးနေဝင်းအောင်က ဖတ်ကြားဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသော book club အဖွဲ့ဝင် များမှ အလှည့်ကျဖတ်ကြားကြပြီး စာရေးဆရာမိုးကျော်သူ၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝေလင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးသန်းနိုင်တို့က အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ဗိုလ်တထောင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ( Grade - 9)ကျောင်းသူ မရှင်းပြည့်သူအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်ကလည်းကောင်း၊ ဒုတိယဆုရရှိသော အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ Grade - 7 ကျောင်းသား မောင်အာကာဇေယျာထွန်းအား မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝေလင်းကလည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade – 9 ကျောင်းသူ မဖြူစင်ထက်အား စာရေးဆရာမ မေ(ရန်ကုန်)ကလည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Book Club စာဖတ်ဝိုင်းနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတရသစာအုပ်များ၊ ဆေးရွက်ကြီးဆေးလိပ်၊မူးယစ်ဆေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များအားစိတ်ဝင်စားစွာကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။

ခင်ဝင်း(ပြန်/ ဆက်)