မဟာအောင်မြေ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးခံရသူများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၂၄)အ.ထ.က ကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်း (ခ)ဦးယဉ်မောင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ(မန္တလေး)မှ ဒုတိယဦးစီးမှူး ဒေါ်နှင်းဖြူအေးက လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအကြောင်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မှ အကြီးအတန်းစာရေး ဒေါ်လဲ့လဲ့ဝင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကိုသာ ဂရုတစိုက် လေ့လာသင်ယူ၍ မူးယစ်ဆေးဝါးကို စတင် မသုံးစွဲသင့်ကြောင်း သုံးစွဲမိလျှင် အသက်ဆုံးရှုံးသည့်အထိ အန္တရာယ်ရှိကြောင်း စသည်များ ပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးယဉ်မောင်ဟိန်း(ခ)ဦးယဉ်မောင်ထွန်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုး၊ အမှတ် (၂၄) အ.ထ.ကကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ ကြသည်။
အောင်ဇော်မင်း