ကျောက်ဆည် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့မွန်းလွဲ ၁ နာရီက အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “လူငယ်နှင့်ပညာရေး”၊ လူငယ်နှင့်စာပေဖတ်ရှုခြင်း ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)