ကျောက်ပန်းတောင်း ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးကျင်းပသည့် ငလျင်ဘေးနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၀ ရက်နေ့နံနက် ၉ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ CMEC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သည့်၊ ဖြစ်ပွားသည့် နေ့ရာအား သတင်းထောက်လှမ်းခြင်း၊ ကနဦးရှာဖွေရေးလုပ်ဆောင်ခြင်း၊ ကူညီကယ်ဆယ်ခြင်း၊ အပြီးသတ် ထပ်မံရှာဖွေခြင်းနှင့် ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများ ရှင်းလင်းသိမ်းဆည်း/ရပ်နားခြင်းတို့ကို အစီအစဉ်အတိုင်း စနစ်တကျ အချိန်နှင့်တပြေးညီ လှုပ်ရှားဆောင်ရွက်တတ်စေရန် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်ကပြောသည်။ အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးနှင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့် ခြင်းကို၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး စုစုပေါင်း ၅၀ ဦးတို့သည်၊ CMEC ကိုယ်ပိုင်ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများ နှင့်အတူ ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို သတ်မှတ် အစီအစဉ်အတိုင် ဆောင်ရွက်ကြသည်။ ယင်းနောက် ဇာတ်တိုက် လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်း ဝင်းခိုင်တို့က ဂုဏ်ပြု လက်ဆောင်နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ရာ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ် စခန်းမှူးတို့က လက်ခံရယူကြပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးဝင်းမြင့်နှင့် ဦးနေလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်ဌာနဆိုင်ရာများ၊ CMEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းဝင်းခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရှိ လုပ်ငန်းရှင်များ စုစုပေါင်း ၂၉၄ ဦး တက်ရောက်ခဲ့ကြပြီး မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ လူနာတင်ယာဉ် ၂ စီးတို့ ပါဝင်အသုံးပြုခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)