နောင်တရားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကလိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ပညာထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နောင်တရား ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က အဖွင့်အမှာစကားပြောကြားရာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် ပညာရေးကိုပိုမိုစိတ်ဝင်စားစေရန်၊ ကြိုးစားလိုစိတ်မြှင့်တင်ပေးရန်နှင့် အနာဂတ်တွင်ထူးချွန်သော လူငယ်များပိုမိုပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပိုမိုမြင့်မားသော ပညာရပ်များကိုဆက်လက်ကြိုးပမ်းသင်ယူကာ နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော လူငယ်များဖြစ်လာစေရန် တိုက်တွန်းအားပေးပြောကြားခဲ့ပါသည်။ ထိုနောက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များ၊ ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နောင်တရား(ပြန်/ဆက်)