ညောင်ရွှေ ဇူလိုင် ၂၀
ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ရှမ်းတောင်ဇုန်နာယကနှင့် မြို့နယ်ဥက္ကဋ္ဌတို့က သင်တန်းထူးချွန်ဆုရ သင်တန်းသား၊သင်တန်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့၍ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်နှင့်ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင် ဧည့်သည်တော်များနှင့် သင်တန်းသား၊သင်တန်းသူများ စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် ဧည့်ကြိုသင်တန်း၌ သင်တန်းသား(၂၀)ဦး၊ အစားအစာနှင့်အဖျော်ယမကာသင်တန်း၌ သင်တန်းသား(၂၆)ဦး၊ အိပ်ခန်းဆောင်သင်တန်း၌ သင်တန်းသား(၂၉)ဦး စုစုပေါင်းသင်တန်းသား (၇၅)ဦးတက်ရောက်ခဲ့၍ သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ