ကျောက်တလုံးကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

ကျောက်တလုံးကြီး ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ထီပုန်းအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက  ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သည့် စာကောင်းပေမွန်များ၊ စာဖတ်ခြင်းဖြင့်ရှာဖွေနိုင်သည့် ဗဟုသုတများစသည်တို့ကို သိပညာပေးဟောပြောပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် Mobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတပိုမိုသိရှိပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ချက်များဖြင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း