တပ်ကုန်းမြို့၌ အသက် ၄၀နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဉ် ဆက်လက်ယှဉ်ပြိုင်

တပ်ကုန်း ဇူလိုင် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘောလုံးအားကစား ပိုမိုတိုးတက်လာစေရေး ၂၀၂၆ခု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၄၀နှစ်နှင့် အထက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယပွဲစဉ်ပြိုင်ပွဲကို ဇူလိုင် ယမန်နေ့ ညနေ ၃နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ဒုတိယပွဲစဉ် ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အသက် ၄၀နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးအားကစားသမားဟောင်းများ စုပေါင်းဖွဲ့စည်းထားသည့် လျှပ်စစ် ESD (FC) အသင်းနှင့် King United (FC) အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ လျှပ်စစ် ESD (FC) အသင်းက ထွေအုပ် King United (FC) အသင်းကို လေးဂိုး၊ သုညဂိုးဖြင့် အနိုင်ရခဲ့ပြီး၊ ပွဲစဉ်တစ်လျှောက်လုံးအားကစားသမားဆုအတွက် မြို့နယ်ဘောလုံးကော်မတီအဖွဲ့ဝင်တစ်ဦးက လျှပ်စစ် ESD(FC) အသင်းမှ ရှေ့တန်းအားကစားသမား၊  ကျောနံပါတ် 9 ဦးထွန်းထွန်းအောင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၄၀နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘောလုံးဝါသနာရှင်များ၊ ဘောလုံးအားကစားသမားဟောင်းများ စုပေါင်းဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့ MPF (FC) အသင်း၊ စည်ပင် CGS (FC) အသင်း၊ လျှပ်စစ် ESD (FC) အသင်း၊ ထွေအုပ် King United (FC)အသင်းတို့ကို ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇူလိုင် ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ​ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တင်စိုးလွင်