ထားဝယ် ဇူလိုင် ၂၀
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID နံပါတ် ထုတ်ပေးခြင်းအခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအားဆောင်ရွက်ပေးသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကျသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ပြုလုပ်ပေးခြင်းသည် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အသက် (၁၀)နှစ်ပြည့်နှင့်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကို မိမိတို့ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ဧပြီ ၂၀ ရက်မှစပြီး ဇူလိုင် ၃၁ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက်(၁၈)နှစ် ပြည့်သော်လည်းအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ် မရရှိသေးသည့်ကျောင်းသား/ကျောင်းသူများကိုလည်း လမင်းစီမံချက်ဖြင့်အခြေခံပညာအလယ်တန်း ကျောင်းနှင့် အထက်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနကခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း မြေပြင်ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ရက်(၁၀၀)စီမံချက်ပြီးစီးပါက သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများတွင် နိုင်ငံသားတိုင်းကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် တစ်သက်လုံးကိုင်ဆောင်သွားရမည့် ဒီနိုင်ငံသားစိစစ်ရေးကတ်ပြားများကို စနစ်တကျသိမ်းဆည်းရန်နှင့် နိုင်ငံသားနံပါတ်များ မှတ်သားထားရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်UID ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၈၇)ဦးထံသို့ လက်ဝယ်အရောက်ပေးအပ်ကာ တက်ရောက်လာသော ကျောင်းသား/သူများကို ရက်(၁၀၀) လမင်းစီမံချက် အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့် ဝေပေးသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
အဆိုပါရက်(၁၀၀)လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့် အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ၍ UIDကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ဆောင်ရွက်ပေး လျက်ရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)