လယ်ဝေး ဇူလိုင် ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ "ကျေးလက်ဒေသဖွံ့ ဖြိုးရေး" ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲ၁ နာရီက ပြည်ဝင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းဌေး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်ကြိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ဇင်ဦးတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်သူ့စကားဝိုင်းသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များ မိမိတို့ရပ်ရွာအတွင်းလိုအပ်ချက်များအား မေးမြန်းခဲ့ကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)