ထားဝယ် ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက စားအုန်းဆီအရောင်းဆိုင်များအားကြည့်ရှုစစ်ဆေးသည်။
ထိုသို့ရောင်းချရာတွင် အလေးချိန်မှန်ကန်စေရေး၊ ခွဲဝေရရှိသောစားအုန်းဆီများအား စားသုံးသူများသို့ အပြည့်အဝရောင်းချမှုရှိ စေရေး၊ ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေးတို့အတွက် ထားဝယ်မြို့တွင်းရှိ အထိုင်စနစ်ဖြင့် ရောင်းချသောလက်လီအရောင်းဆိုင် (၁၅) ဆိုင်ကို အဖွဲ့ဝင်ဌာနများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာကြားသည်။
ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် ရန်ကုန်မြို့မှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူ၍ပြည်သူများသို့ ရောင်းချပေးလျက်ရှိပြီး လက်လီအရောင်းဆိုင်(၁၅)ဆိုင်မှ ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ရရှိသောခွဲတမ်းဖြင့် အလေးချိန်မှန်ကန်စွာ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချလျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)