တိုင်းဒေသကြီးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲခြင်းနှင့် ငြိမ်သက်စွာ အလေးပြုခြင်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၉

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ဒီကနေ့တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဥဩဆွဲခြင်းနှင့် ငြိမ်သက်စွာအလေးပြုခြင်းများကို ယနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ တာလေမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ မိုးညိုမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူးမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောက်မြို့နယ်၊ စလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တို့တွင် တစ်ပြိုင်နက်တည်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို တစ်မိနစ်ငြိမ်သက်အလေးပြုခြင်းနှင့် မီးသတ်ကားဥဩဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လမ်းသွားလမ်းလာပြည်သူများကလည်း ရောက်ရှိသည့်နေရာ၌ ရပ်တန့်အလေးပြုခဲ့ကြသည်။

ထိုသို့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲခြင်း၊ အလေးပြုခြင်းများ ဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဌာနများတွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူ အလေးပြုခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။