ခိုမုန်းကျေးရွာ ထမ်းလင်းကျောင်းတိုက်၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြသ

​ကျောက်မဲ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ခိုမုန်းကျေးရွာ ထမ်းလင်းကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့်သံဃနာယက၊ ကျောင်းထိုင်ဘုန်းကြီးကျောင်းသင်တန်းနှင့် ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၆)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

​ထိုသို့ပို့ချဆွေးနွေးရာတွင် ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးက မီးလောင်ကျွမ်းခြင်းအခြေခံသဘောတရားများ၊ မီးအတန်းအစားခွဲခြားခြင်းနှင့် မီးငြိမ်းသတ်ရေးနည်းစနစ်များ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့် “191 Report Application” အသုံးပြု၍ အရေးပေါ်သတင်းပေးပို့နည်းများကို ရှင်းလင်းပို့ချသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်ထွန်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများကို ဖတ်ကြားဆွေးနွေးသည်။ ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းတိုက်ဝန်းအတွင်း၌ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်နည်းနှင့် ရေစိုဝတ်(စောင်)ဖြင့် အောက်ဆီဂျင်ဖြတ်တောက်ကာ မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသကြရာ သင်တန်းတက်ရောက်နေကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သင်တန်းသားများက ကြည့်ရှုလေ့လာခဲ့ကြပြီး မီးသတ်ဆေးဗူးများဖြင့် လက်တွေ့ပါဝင် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

​ခရိုင်(ပြန်/ဆက်)