ထားဝယ် ဇူလိုင် ၁၈
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရန် ပူပြင်းသည့် ရာသီဥတုဒဏ်ကို လျော့ပါးသက်သာစေရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပစေရန်တို့ ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ လွှတ်တော်ရုံးဝင်းအတွင်း၌ ၂၀၂၆-ခုနှစ်၊ မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးသန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့က ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တက်ရောက်လာသူများအား သစ်ပင်၊ ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပိတောက်ပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်ထားသော နေရာများတွင် ပျိုးပင်အမျိုးအစား (၁၀)မျိုး၊ စုစုပေါင်း ပျိုးပင် (၇၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအား ပေးသည်။
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့၊ ရတနာသစ်တောပြည့်သွေးကြော၊ သစ်တောရတနာထိန်းသိမ်းပါ၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ စသည့် ဆောင်ပုဒ်များနှင့်အညီ ပျိုးပင်အမျိုးအစား (၁၀) မျိုး၊ စုစုပေါင်းပျိုးပင် (၇၀၀) ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)