ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ဟောပြောပွဲများ ကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြည့်မြင်တိုင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သက်မာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

 ဆက်လက်ပြီး ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကာယပြိုင်ပွဲများဖြစ်သော စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ခွက်ရွှေ့ပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ဆုရရှိသူများအား မေတ္တာလက်ဆောင်များ အသီးသီး ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)