မရမ်းကုန်းမြို့နယ်တွင် အမှိုက်စွန့်ပစ်မှုဆိုင်ရာ ပြည်သူလူထု အသိပညာပေး အခမ်းအနား ကျင်းပ

 မရမ်းကုန်း ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမရက် (၁၀၀) လုပ်ငန်းစဥ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတို့မှ ကြီးမှူး၍ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက် ကျိုက်လမ်းဘုရားလမ်းရှိ ကျိုက်ဝိုင်းဘုရားရှေ့တွင် ဇူလိုင် ၇ ရက် နံနက် ၇ နာရီက အမှိုက်စွန့်ပစ်မှုဆိုင်ရာ ပြည်သူလူထုအသိပညာပေး အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ကိုယင်ကောင်၊ စိတ်လှဖို့လိုတယ်၊ အမှိုက်ကောက်ကြစို့၊ အမှိုက်လေးမျိုး တေးသီချင်းများဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိပုဂ္ဂိလ်များက ကျိုက်ဝိုင်းဘုရားလမ်းမပေါ်တွင် မောင်းနှင်ပြေးဆွဲလျက်ရှိသော မော်တော်ယာဥ်များနှင့် အများပြည်သူများအား အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ''လမ်းမပေါ်သို့ အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်'' စာသားပါ စတေကာများ ကပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမင်းသိန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးအောင်ပြည့်ဖြိုး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်မှူး ဦးမောင်မောင်အေး ဦးဆောင်သော ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးတင်ထွဋ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(မရမ်းကုန်း)