ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရေးရာဝန်ကြီး အခမ်းအနားမှူး သင်တန်းဖွင့်ပွဲ တက်ရောက်

မြစ်ကြီးနား ဇူလိုင် ၁၈

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဇူလိုင် ၁၇ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အခမ်းအနားတစ်ခုပြီးမြောက် အောင်မြင်နိုင်ဖို့ အခမ်းအနားမှူး တစ်ယောက်တွင် ရှိရမည့် အဓိကအရည်အချင်း ရုပ်ပိုင်းဆိုင်ရာများ၊ စိတ်ပိုင်းဆိုင်ရာများ၊ အသံပိုင်းဆိုင်ရာ၊ ဗဟုသုတကြွယ်ဝမှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှုနဲ့ အခမ်းအနားအတွက် ပြောကြားရသော အသုံးအနှုန်းဝေါဟာရများကို မှန်ကန်စွာ သုံးစွဲတတ်မှု၊ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်တတ်မှုနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခမ်းအနားအစီအစဉ်များကို စနစ်တကျဆောင်ရွက်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် အသုံးချနိုင်မည်ဖြစ်ပါ၍ မိမိအတွက် လွန်စွာအကျိုးရှိပြီး ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးက သင်တန်းအတွက် သင်တန်းထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိပြီး အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ အသံပိုင်းဆိုင်ရာများနှင့် အခမ်းအနားမှူးများ ဆောင်ရန်/ ရှောင်ရန်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)