သရက်ချောင်းမြို့နယ်၊ (Community Centre) ခန်းမ၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

သရက်ချောင်း ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပသည်။

ရှေးဦးစွာ သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အသိပညာပေးဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ အာဇာနည် (၉) ဦးတို့၏ အထ္တုပတ္တိအကြောင်းကို အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

ထို့နောက် သင်္ချာဉာဏ်စမ်းပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲအား ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ပြိုင်ပွဲ၏ စည်းမျဉ်း/ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂ဝ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့လွတ်လပ်ရေး‌ဗိသုကာကြီး ဗိုလ်‌ချုပ်အောင်ဆန်း၏ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ မြန်မာ့လွတ်လပ်ရေး‌ဗိသုကာကြီး ဗိုလ်‌ချုပ်အောင်ဆန်း၏ အထ္တုပတ္တိနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်ရန် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)