ဖလမ်း ဇူလိုင် ၁၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည် ဆောက်ရေးကော်မတီဝင်များ၊လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၅ ရက်နေ့က ဖလမ်းမြို့ရှိ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်မှထောက်ပံ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောက်ရှိမှု အခြေအနေနှင့် ယာယီသိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုပြီး၊ ဒုတိယဝန်ကြီးမှ တာဝန်ရှိသူများအား ဖလမ်းမြို့ ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထောက်ပံ့ပစ္စည်းများကို စနစ်တကျ သိုလှောင်ထားရှိရန်၊ မြေပြင်နှင့် ကွဲလွဲမှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး စီမံဆောင်ရွက်ကြရန်၊ အမှန်တကယ်ထောက်ပံ့ရန် လိုအပ်သည့် ဒေသခံပြည်သူများ မကျန်ရှိစေရန်နှင့် အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားကြရန်တို့ကို လမ်းညွှန်မှာ ကြားသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်အတူ ဖလမ်းမြို့ရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ သွားရောက်၍ အခြေခံလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးဖြစ်များဖြစ်သော ဘိလပ်မြေ၊ သွပ်နှင့်သွပ်ရိုက်သံများကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြပါသည်။
၎င်းနောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံးစုံပျက်စီးသွားသည့်နေအိမ်များ၊တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ်များ၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ်များကို နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းပြုပြင်ပေးနေမှုများအား လှည့်လည်ကြည့်ရှုရာ ဒုတိယဝန်ကြီးမှ တက်ညီလက်ညီ စုပေါင်းလုပ်အားပေးဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်းပြောကြားပြီး နေအိမ်များပြန်လည်ပြုပြင်ပေးနေမှုများအပေါ် လိုအပ်သည်များ မှာကြားကာ ဒေသခံပြည်သူများနှင့် တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံအား ပေးစကားပြောကြားသည်။
ဖလမ်းမြို့၊ တလန်လိုရပ်ကွင်၊ ဗလိုင်ရပ်ကွက်နှင့်ကျင်မွာလ်ရပ်ကွက်ရှိ အလုံးစုံပျက်စီးသွားသည့် နေအိမ်(၁၁)လုံးအတွက် ဘိလပ်မြေ (၅၅) အိတ်နှင့် သွပ် (၃၃၀) ချပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် (၉) လုံးအတွက် ဘိလပ်မြေ (၄၅) အိတ်နှင့် သွပ် (၁၈၀) ချပ်၊ အနည်းငယ်ပျက်စီးသွားသည့် နေအိမ် (၁) လုံးအတွက် သွပ် (၁၀) ချပ်၊ ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့ရှိအဆောက်အဦများအတွက် သွပ်(၁၀၀)ချပ်၊အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းအတွက် သွပ်(၁၁)ချပ်နှင့် ဒေသခံပြည်သူနေအိမ်များအတွက် သွပ် (၅၄) ချပ် စုစုပေါင်းဘိလပ်မြေ (၁၀၀) အိတ်၊ သွပ် (၆၈၅) ချပ်နှင့် သွပ်ရိုက်သံများကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အဦနှင့် နေအိမ်များအတွက် ဆက်လက်ထောက်ပံ့လျက်ရှိကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)