တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး  အခြေခံယာဉ်မောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်   ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းတိုင်းရင်းသားများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ယာဉ်မောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စီးပွားရေးနှင့်လူမှုဘဝများ တိုးတက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် သင်တန်းသည် ဒေသဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အရေးပါကြောင်း၊ ပညာရပ်ဆိုင်ရာအသိပညာနှင့်လက်တွေ့ကျွမ်းကျင်မှုများ ပေါင်းစပ်တည်ဆောက်နိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာပြီး မိသားစု ဝင်ငွေတိုးတက်ကာ လူနေမှုဘဝအရည်အသွေးမြင့်မားလာမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းတိုင်းရင်းသားများသည် နိုင်ငံတော်လူစွမ်းအားအရင်းအမြစ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ် ပြီး၎င်းတို့၏ လူမှုစီးပွားဘဝတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် လူ့ဘောင်အဖွဲ့အစည်းအတွင်း ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေးတို့ကို အားပေးကူညီပေးခြင်းသည် အစိုးရအဖွဲ့၏ အရေးပါသော တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ယာဉ်မောင်းအတတ်ပညာသည် လက်တွေ့ အသုံးချနိုင်သောအသက်မွေး ဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေး၊ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်စည်ဖြန့်ဖြူးရေး၊ စက်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သောကျွမ်းကျင်မှု ပညာရပ် တစ်ခုလည်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့်သင်ကြားပို့ချပေးမည့် သီအိုရီပညာရပ်များ၊ လက်တွေ့မောင်းနှင်မှု နည်းစနစ်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ယာဉ်လုံခြုံရေးဆိုင်ရာအသိပညာများကို စနစ်တကျလေ့လာသင်ယူကြပြီးလက်တွေ့ဘဝတွင် အသုံးချနိုင် သည့်ကျွမ်းကျင်ပညာရှင်များဖြစ်လာကြစေလိုကြောင်း ပြောကြားပြီး အခြေခံယာဉ်မောင်းသင်တန်း အတွက်ငွေကျပ်(၁၆၀) သိန်းကိုပေးအပ်ရာကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက လက်ခံရယူကာ သင်တန်းသား/သင်တန်းသူ များအား သင်ထောက်ကူပစ္စည်များ ပေးအပ်သည်။

သင်တန်းတွင် တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ ရွှေပြောင်းတိုင်းရင်းသား(၆၀)အား ဇူလိုင် ၂၈ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)