သရက်ချောင်းမြို့နယ်တွင် ကျန်းမာ​ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်သဥ္စာသိန်းဝင်းက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးနည်းလမ်းများအကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ် စကားလုံးအရှည်ကောက်အဓိပ္ပါယ်များကိုရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုး စသည့်ပစ္စည်းများတွင် အဘိတ်ဆေးခတ်ရမည့်အတိုင်းအတာများအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင်၊ မိမိအိမ်ရှိမိသားစုဝင်များ၊ အိမ်နီးနားချင်းများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် စသည်ဖြင့် ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်လဲ့လဲ့အေးက မိမိတို့ တစ်ကိုယ်ရေသန့်ရှင်း​ရေးအတွက်ဆောင်ရွက်ရမည့် ကျန်းမာရေးအသိပညာဗဟုသုတများနှင့် လက်ကိုစင်ကြယ်အောင် ဆေးကြောနည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကျန်းမာရေးဆိုင်ရာနံရံကပ်စာစောင်များအား ခင်ကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)