ဟားခါး ဇူလိုင် ၁၇
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများအောင်မြင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင် ရေးစသည့် မည်သည့်လုပ်ငန်းမဆို အောင်မြင်မှုရရှိနိုင်ရေးအတွက် ဒေသခံပြည်သူများ၏ စိတ်နေသဘောထားနှင့်ခံယူချက်များအပေါ် များစွာတည်မှီနေသဖြင့် ဒေသခံပြည်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များသည် လစ်လျူရှု၍မရသည့် အရေးကြီးသည့်အခန်းကဏ္ဍာတွင်ပါဝင်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ သိသင့်သိထိုက်သည့် အခြေခံအကြောင်း အရာများနှင့် သဘော တရားများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေအရ သတ်မှတ်ထား သည့် ရင်းနှီးမြှုပ်နှံမှုသဘောတရားနှင့် စီမံခန့်ခွဲမှုသဘောတရားများ နားလည်သဘောပေါက်ခြင်း အားဖြင့် ချင်းပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်းဖြင့် အမှာစကားပြောကြသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာကိစ္စရပ်များနှင့် PPP စီမံကိန်းများ ၏ အခြေခံသဘောတရားနှင့် အစိုးရ၏အခန်းကဏ္ဍအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ချင်းပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်ဝင်းက ၃၀ မဂ္ဂါဝပ်အောက် ဆိုလာစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်ယူနိုင်ရေးအစီအမံများကိုလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးဆလိုင်းလွမ်းဆဝုန်းက မြို့အလိုက်သောက်သုံးရေဖူလုံစွာရရှိရေးအစီအမံအားလည်းကောင်း၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်ထွန်းက PPP ဖြင့်အကောင်အထည် ဆောက်ဖော်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာအစီအမံအားလည်းကောင်း၊ Power Point ဖြင့် အသေးစိတ်ရှင်းလင်တင်ပြကြသည်။
ပြည်နယ်ဦးစီးမှူးများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ရှင်းလင်းပွဲတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က အကြံပြုဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)